Thursday, October 13, 2011

ယုံပါ



တစ်နေ့တော့ ၀တ်မှုန်တစုံထဲ

တိတ်တိတ်လေး   ငုံလျိုးဝင်မိတယ်.. 

ငါ့တစ်ကိုယ်လုံး အ၀ါတွေဖုံးလို့

ပင်လယ်ရေကလည်း ငန်လိုက်တာ.. ကွယ်

ကမ်းခြေက ကျောက်ဆောင်မှာ

ငါထိုင်ငေးနေမိတယ်...

မငိုပါနဲ့

ကလေးရယ်.. 

ဟိုးမိုးသားပြာပြာထက်က 

အလင်းလက်ဆုံးကြယ်ဟာ

မင်းပဲလို့ ကိုယ်အမြဲယုံကြည်ပါတယ်

.................

Sunday, October 2, 2011

လမ်းခွဲ

ခုဆို ...
သူ့ရဲ့ မိုးတိမ်ရောင် ပါးပြင်မှာ
ဆည်းဆာခ လို့ ...

အပင်ကလေးရဲ့
အရှေ့ဘက် တစ်ခွင်ဟာလည်း
မှိုင်းညို့ အုပ်ဆိုင်းကာ

သစ်ရွက်တို့ ကျီစယ်မှုကိုတောင်
မခံနိုင်လောက်အောင်
ကိုယ်တို့တွေ နာကျင်ခဲ့ရပြီ

ဝေးရပြီ ...
စကားလုံးတွေက စိမ်းစိမ်းမြမြ
အကြည့်တွေ့က ပန်းနုရောင်ပြေးနေဆဲပဲ
သွားတော့ ကလေးရယ်
ထပ်တူမကျခြင်းတွေရဲ့ ရလဒ်ဆိုးပေါ့
မင်းကတစ်လမ်း  .....
ကိုယ်က တစ်လမ်း .....

သွားသူကတော့ တစ်ယောက်တည်း
ဒဏ်ရာနဲ့ ကျန်ခဲ့ရသူကတော့
သစ်ပင်ကလေးရယ်
ခုံတန်း ပြာပြာကလေးရယ်
ကိုယ်ရယ်
နေလုံး နီနီကြီးနဲ့
မသိမ်းနိုင်ခဲ့ တဲ့ မျက်ရည် အချို့ရယ် ....။

Saturday, October 1, 2011

ကျွန်တော်နှင့် ဘတ်(စ်)ကား အလွဲ (၁)


အဲ့ဒီတုန်းက ကျွန်တော်ဆယ်တန်းအောင်ပြီးကာစ။
အိမ်က ကျွန်တော့်ကို ဗိုလ်သင်တန်း လျှောက်ခိုင်းတယ်။ အမေကတော့ သိပ်သဘောမတူဘူး။ ဒါပေမယ့် အမက အတင်းလျှောက်ခိုင်းတယ်။ သူက ကျွန်တော့်ကို ကိုးတန်း ကနေဆယ်တန်းထိ ထောက်ပံ့ထားတာဆိုတော့ သူကသွား လျှောက်ခိုင်းတော့ မငြင်းသာဘူး။ အဲ့ဒါနဲ့ ဖောင်တွေဘာတွေတင်။ ပြီးတော့ စာမေးပွဲ ဖြေဖို့အတွက် ကျုရှင်တက်ရတယ်။ ကျုရှင်က ဘောက်ထော်ဘက်မှာ သွားတက်ရတယ်။ အင်္ဂလိပ်နဲ့ သချာင်္ ပေါ့။ နောက်ပြီး OTT လို့ခေါ်တဲ့ လက်တွေ့ပိုင်းလည်း တက်ရတာပေါ့။ OTT ဆိုတာက လူတွေ့စစ်ရင် လုပ်ပြရတာ။ ဘားတွေခို ၊ တန်းတွေကျော် ၊ တာယာကွင်းတွေထဲ ပြောင်းပြန်ဝင်၊ ဟိုခုန်ဒီခုန်နဲ့ အစုံပါပဲ။ အဲ့လိုနဲ့ ဘောက်ထော်မှာ ကျုရှင်တက်။ တဖြည်းဖြည်းနဲ့ စာမေးပွဲရက်က နီးလာတယ်။ ဆရာက ပြောတယ်။ စာမေးပွဲကတော့ အောင်ဖို့သေချာတယ်။ အဓိက ကတော့ လူတွေ့စစ်တာပဲ အရေးကြီးတာ။ တစ်ရက်လောက်
ပြည်သူ့ရင်ပြင်မှာ သွားလေ့ကျင့်ကြမယ်ဆိုပြီး ပြောတယ်။ ပြည်သူ့ရင်မှာက ပစ္စည်းတွေ အစုံရှိတယ်လေ။ တန်းတွေကော၊ ကွင်းတွေကော၊ အကုန်အစုံရှိတော့ လေ့ကျင့်ရတာ အဆင်ပြေတယ်။ ကျုရှင်မှာက လူအများကြီးပဲ။ ယောကျာ်းလေးတွေကြီးပဲ။ နှစ်ဆယ်ကျော်လောက်ရှိတယ်။ DSA ကော၊ အင်ဂျင်နီယာတွေကော၊ စစ်ဆေးတွေ ကောအများကြီးပဲ။ တက်တာကြာတော့ သူငယ်ချင်းတွေလည်း ဖြစ်ကုန်ကြပြီ။ အကုန်လုံးလည်း သိနေကြပြီ။ အဲ့ဒီနေ့ကျရင် ဘောလုံးကန်ကြမယ်ဆိုပြီး ချိန်းကြတယ်။ နှစ်ဖက်ခွဲကန်မှာပေါ့။ မကန်တက်တဲ့ကောင်တွေလည်း ရှိတယ်။ သူတို့ကတော့ မပါဘူး ပေါ့။ အဲ့ဒီလိုနဲ့ ပြည်သူ့ရင်ပြင် သွားလေ့ကျင့်ကြရော။ စွပ်ကျယ်တွေ ၊ကင်ဘက်တွေ၊ အိတ်တွေနဲ့ တကယ့် စစ်သားကြီးတွေ အတိုင်းပဲ ပျော်စရာကြီး။ တစ်ယောက်နဲ့ နောက်လိုက်၊ ပြောင်လိုက်နဲ့။ ဟိုရောက်တော့ ပိုတောင်ပျော်ဖို့ကောင်းသေးတယ်။ တန်းတွေတစ်ယောက်တစ်လှည့်စီ ခို။ တာယာကွင်းတွေထဲ နောက်ပြန်ဝင်။ အရမ်းဝတဲ့ တစ်ကောင်ဆို နောက်ပြန်ဝင်တာ တစ်နေလို့ မနည်းပြန်ဆွဲထုတ်ရတယ်။ ပြီးတော့ သစ်ပင်မှာကြိုးချည်ပြီးတော့ ဟိုဘက်၊ဒီဘက် အဝေးဆုံးရောက်အောင် လွှဲခိုရတယ်။ အဲ့ဒီမှာ ဒူးပြဲတဲ့ကောင်ကပြဲ။ ပြုတ်ကျတဲ့ကောင်က ပြုတ်ကျ။ နောက်ပြီး ကြိုးကို ခိုပြီး ကြိုးကနေအပင်ပေါ်ကိုတက်ရသေးတယ်။ လက်တွေကို ပေါက်ပြဲရောပဲ။ မိကျောင်းတွားလည်း တွားရတယ်။ တကယ်ကို အပီအပြင်လေ့ကျင့်ရတာ။ ဆရာကလည်း ပက်ပက်စက်စက်ကို မောင်းတာ။ မနက်ကတည်းက စလေ့ကျင့်တာ မွန်းလွဲလောက်ကျတော့ အကုန်ပြီးရော။ လူတွေလည်း 

Tuesday, September 27, 2011

အခါး


ဒီတစ်ခါတော့

ဝေးရပြီ ထင်ပါတယ် ..

အကြိမ်ကြိမ် ဆယ်ခဲ့သမျှ

တစ်ခါတည်းနဲ့ နှစ်မြုပ်ပစ်တယ်

ပင်လယ် ဆန်လွန်းပါတယ်

ကောင်မလေးရယ်

မိုးတွေ အထပ်ထပ်ရွာခဲ့ပေမဲ့

ငါ့ကိုမှ ရွေးစိုခဲ့တယ်

ဒါဟာ ကံကြမ္မာလား ??

ငါတို့ရဲ့ အမှတ်တရတွေကို

ကော်ဖီနဲ့အတူ သွန်ပစ်လိုက်ပါတော့

နင်ကြိုက်တဲ့ ဖာလူဒါလောက်

သစ္စာမရှိဘူး ဆိုရင်လည်း

ငါစကား တစ်ခွန်းနဲ့တင်

ငါ့ကိုယ်ငါ သတ်သေလိုက်ပါ့မယ်
............

အရိုးသားဆုံး အလွမ်း


အမှောင်တွေ ၊ ကြယ်တွေ

ညတွေကို ချစ်တယ်..

လေနုအေးအေးလေး

မြတ်ရိုင်းပင် ပျော့ပျော့လေး

ကောင်းကင်က လမင်းလေး

အနောက်ရပ်မှာ စုန်းမီးတွေ လင်းနေဆဲ..လေ

ငါကျောမှာ သဲတွေတောင် ပေပေါ့

ဂစ်တာလေးလည်း ကြိုးတွေတောင် လျော့

သြော် ...........လွင်ပြင်ရယ်

လျှပ်စစ်မီးထက် ဖယောင်းတိုင်မီးကို 

ငါပိုချစ်တယ်ဆို ....

မင်းငါ့ကို လွမ်းနေမှာလား ... ကွယ်...။ ။

Monday, September 26, 2011

ချစ်သူ..သို့(၄)



ဒီမြေမှာ
ချစ်သောဝါးရနံ့တို့ လင်းသုန်နေကြပြီ။

ငါ ဆောင်းချင်တဲ့ ထီးကလေးရေ . . .။

မိုးရာသီအတွက်
မကြခင်မှာ တို့တွေထွန်ရေးဝင်ကြမယ်။

ရင်ကိုတောက်စားတတ်တဲ့ ကောက်ပဲသီးနှံများလို
ငါတို့လည်း အချင်းချင်း ၀င်းမှည့်တွယ်တာကြမယ်။

"နက်ဖြန်ခါ" ဆိုတာ . . .
နေ၀န်းက အသစ်ထပ်ရေးပေးတဲ့ ကဗျာပဲ
ဘယ်လိုလက်တွေကမှ ဆွဲမဖြဲနိုင်ဘူးကွယ့်။

သစ်ပင်အိုအောက်က နတ်ကွန်းမှာ
ဖယောင်းတိုင် မီးရှူးတစ်တိုင် ငြိမ်သက်ညှိထွန်းရင်း
တို့တွေ အလင်းခိုပြီး စောင့်မယ်။


+ တာယာမင်းဝေ (ချယ်ရီ၊ ဖေဖော်ဝါရီ၊ ၂၀၀၀) +

ကောင်းကင် မရှိတဲ့ .. ကြယ်

ဘယ်သူမှ မပြောဖြစ်တဲ့ ဇာတ်လမ်းပေါ့ဗျာ။ ခင်ဗျား စိတ်ဝင်စားမလား မသိဘူး။ ဒီလိုဗျာ။ လွန်ခဲ့တဲ့ နှစ်အတော် ကြာက အင်္ဂလန် နိုင်ငံကို ဆေး ပညာဘွဲ့လွန် သင်တန်းတက်ဖို့ ကျွန်တော်ရောက်ခဲ့တယ်။ အဲဒီ မှာ တရုတ်ပြည်က လာတဲ့ စီ ဆိုတဲ့အကောင်ရယ်၊ အိန္ဒိယက လာတဲ့ အိုင်ဆိုတဲ့ အကောင် ရယ်၊ ကျွန်တော်ရယ် အာရှ တိုက်သားတွေ လုံးမိပြီး သူငယ် ချင်းတွေ ဖြစ်သွားကြတယ်။ သုံးယောက်သား အဆောင်ကို စုငှားနေကြပြီး နေအတူ၊ သွား အတူ၊ စားအတူ၊ စာကျက် တော့လည်း အတူ၊ နောက်ဆုံး အမ်အာစီပီ ဆိုတဲ့ ဆေးပညာ ပါရဂူ စာမေးပွဲကိုလည်း အတူတူ အောင်ခဲ့ကြတယ်။

ဒီတော့ ကျွန်တော်တို့လည်း ၀မ်းသာအားရ ကိုယ့်နိုင်ငံ ကိုယ်ပြန်ဖို့ ပြင်ဆင်ရတာပေါ့။ ကျွန်တော်တို့ ငှားနေတဲ့ အဆောင် ပိုင်ရှင်က မစ္စတာပီရက်စ်တဲ့။ ဂျူးအဘိုးကြီးဗျ။ လင်မယားနှစ် ယောက်ထဲ ရှိတယ်။ သားသမီး မထွန်းကားဘူး။ သူ့အဆောင်မှာ အနေကြာလာတော့ သူက ကျွန်တော်တို့ သုံးယောက်ကို သား အရင်းလို သံယောဇဉ်ဖြစ်နေရှာတယ်။ ဒါနဲ့ မစ္စတာပီရက်စ်က ကျွန်တော်တို့ သုံးယောက်ကို ခေါ်ပြီး
“ငါ့သားတို့ မင်းတို့ ဒီနိုင်ငံကနေ အမ်အာစီပီ ဆိုတဲ့ ပါရဂူဘွဲ့ရ ပြီးလို့ မနက်ဖြန်ဆို ကိုယ့်နိုင်ငံကို ပြန်ရတော့မယ်။မင်းတို့ မိသားစု တွေနဲ့လည်း ပြန်ဆုံရတော့မယ်။ ဒီအတွက် မင်းတို့ကိုယ်စား ၀မ်းသာပေမယ့် ကာလ ရှည်လျားစွာ အတူနေခဲ့တဲ့ မင်းတို့နဲ့ ခွဲခွာရမှာ ဖြစ်တဲ့ အတွက် တစ်ဖက်ကလည်း ၀မ်းနည်းစရာပါပဲ။ ဒါပေမယ့် မင်းတို့လည်း သိတဲ့အတိုင်းပဲ။ လူဆိုတာ ကံစီမံရာ ကကြရတာပဲ။ တွေ့ဆုံကြုံကွဲ ဖြစ်မြဲဓမ္မတာကိုး”

သူက သူ့မိန်းမ မစ္စပီ ရက်စ်ကို မေးငေါ့ပြီး
“မင်းတို့ အမေက မင်းတို့ကို နှုတ်ဆက် ညစာလေး ကျွေးချင်တယ်။ ဒီည အပြင်ထွက် မစားဘဲ ဒီမှာလာစားကြပေါ့”

ဒီလိုနဲ့ ကျွန်တော်တို့လည်း အဲဒီညက မစ္စတာပီရက်စ်တို့ ဇနီးမောင်နှံ တည်ခင်းတဲ့ ညစာကို စားကြရတယ်။ အဲဒီ ညစာ စားပွဲမှာ မစ္စတာပီရက်စ် က
“ငါ့သားတို့ မင်းတို့ဟာ ဆရာဝန် ရင့်မကြီးတွေ ဖြစ်လာ ပြီဆိုတော့ လူနာတွေ အများကြီးနဲ့ တွေ့ရတော့မယ်။ မမှားသော ရှေ့နေ၊ မသေသော ဆေး သမားမရှိဘူး ဆိုတဲ့ စကား မင်းတို့လည်း ကြားဖူးတာပဲ။ လူနာ တွေထဲမှာ မင်းတို့ ကုသလို့ မပျောက်နိုင်တဲ့ ရောဂါတွေ လည်း ပါလိမ့်မယ်။ ဥပမာ ကင်ဆာလို ရောဂါမျိုးပေါ့။ ဘာပဲ ဖြစ်ဖြစ် လူဆိုတာ သူ့ကံနဲ့သူ တိုင်းထွာလာတာဆိုတော့ ကယ်နိုင်တဲ့ လူကယ်ပြီး မကယ်နိုင်တဲ့ လူကျကံကိုပဲ ပုံချရလိမ့်မယ်။ အရေးကြီးတာက လူနာ တစ်ယောက်ဟာ သူ့ရောဂါကြောင့် သူသေတာ မဟုတ်ဘဲ ဆရာဝန်ရဲ့ ပေါ့ဆမှု၊ ဒါမှမဟုတ် ဆရာဝန်ရဲ့ ပယောဂကြောင့် သေဆုံးတာမျိုး မဖြစ်စေနဲ့”

“အဖေ (ကျွန်တော်တို့က သူ့ကို အဖေလို့ ခေါ်တယ်) ပြောတာ သိပ်မှန်တယ်။ တိုက်ဆိုင်လို့ တရုတ်ပြည်မှာ ကျွန်တော် ကြုံဖူးခဲ့တဲ့ အဖြစ် ကလေးတစ်ခု ပြောပြဦးမယ်”

စီက ဘီယာ တစ်ကျိုက် မော့သောက်လိုက်ပြီး စကား ဆက်လိုက်ရတယ်။
“တစ်နေ့ ညကြီး သန်းခေါင် ကျွန်တော် အိပ်ပျော်နေတုန်း ဆရာ ဆရာ ထပါဦး။ လူနာ အရေးကြီးလို့ပါ ဆိုပြီး အိမ်တံခါးကို တ၀ုန်း ၀ုန်း ထုသံကြားရတယ်။ လန့်နိုး လာပြီး တံခါးဖွင့်ကြည့်လိုက် တော့ ကျွန်တော့်ဆီ လာနေကျ ရင်ကျပ်ပန်းနာ အဘွားကြီး၊ အဆုတ်က တရွှီရွှီ အသံပေးပြီး ဖားဖိုထိုးသလို မောနေတယ်။ ဒါနဲ့ ထိုးနေကျအတိုင်း အမိုင်နို ဖိုင်လင်းခေါ်တဲ့ ရင်ကျပ် ပျောက်ဆေးကို ၂၅ ရာခိုင်နှုန်း ဂလူးကို့စ်နဲ့ ရောပြီး ထိုးလိုက်တယ်။ ထိုးနေရင်း တန်းလန်း လူနာက
“အမယ်လေး ဆရာ တစ်ကိုယ်လုံး ပူလာပြီးရင်က ပိုကျပ်လာတယ်” လို့ ပြောတယ်။ အိပ်လို့ကောင်းတုန်း အနှိုးခံထားရလေတော့ လူက စိတ်တိုနေတယ်။
ဒါကြောင့် . . .

ဒီမှာ အဘွားကြီး ဒီဆေး က ဒီလိုပဲ။ ခင်ဗျားလည်း ထိုးဖူးသားနဲ့လို့ ငေါက်ပြော ပြောလိုက်တယ်။ အဘွားကြီး က စကားပြန်မပြောနိုင်ဘူး ကြည့်လိုက်တော့ ဇက်က ကျိုးကျနေပြီ။ ကျွန်တော်က သူ့ နှလုံးကို နားကြပ်နဲ့ ထောက် ကြည့်တယ်။ နှလုံးခုန်သံ မကြားရတော့ဘူး။ မျက်လုံးကို ဖြဲပြီး ဓာတ်မီးနဲ့ ထိုးကြည့်တော့ သူငယ်အိမ် မကစားတော့ဘူး။ ဒီတော့မှ ကျွန်တော်လည်း ချွေးပြန်လာပြီး “လူနာအသက် မရှိတော့ဘူး”လို့ ပြောလိုက်တယ်။ လူနာရှင်တွေလည်း ငိုယိုပြီး အလောင်းကြီးကို ပွေ့ပြီး ပြန်သယ်သွားကြတယ်။

စောစောက အိပ်ချင် စိတ်တွေ ကြက်ပျောက် ငှက် ပျောက် ပျောက်သွားတယ်။ ခါတိုင်း ဒီဆေးထိုးရင် ဒီအဘွား ကြီး သက်သာနေကျပါ။ ဒီ တစ်ခါ ဘယ်လိုဖြစ်တာ ပါလိမ့်ဆိုပြီး မကျေမနပ်ဖြစ် မိတယ်။ ဒါနဲ့ စောစောက ထိုးခဲ့တဲ့အမိုင်နိုပုလင်းခွံကို ပြန် ရှာကြည့်တယ်။“ဘုရား ဘုရား” ကြက်သီးတွေထပြီး ကျွန်တော့် တစ်ကိုယ်လုံးမှာ ရှိတဲ့ အမွေးတွေ ထောင်လာတယ်။ ဒီထိုး ဆေးပုလင်းက အမိုင်နိုထိုးဆေး မဟုတ်ဘူးဗျ။ ကယ်လ်စီယမ် ဂလူကိုနိတ် ထိုးဆေးပုလင်း။ ကြွက်တက်တဲ့ ရောဂါမှာ ထိုးရတာ ပုလင်းပုံစံက တူတော့ အိပ်ချင်မူးတူးနဲ့ မှားယူပြီး ထိုးလိုက်မိတာ အဘွားကြီး မသေခံနိုင်ရိုးလား၊ ခေါင်းနား ပန်းတွေ ကြီးသွားပြီး “ငါ ဆေး ထိုးမှားလို့ အဘွားကြီး သေ တာ၊ သူသေတာ ငါ့ကြောင့်၊ ငါဟာ အလကား ဆရာဝန်” ဆိုပြီး ဆရာဝန်လုပ် ချင်စိတ် ကုန်သွားတယ်။ အချိန်တွေ ကြာလာလို့ မေ့မေ့ပျောက် ပျောက် ဖြစ်သွားပေမယ့် ဒီအဘွားကြီးမျက်နှာ အိပ်မက် မက်ပြီး လန့်နိုးရတာ မကြာ ခဏပဲ။ ဒီအဖြစ်ကို ပြန်တွေးမိတိုင်း ကျွန်တော်ဟာ အပြစ်ရှိ သူတစ်ယောက်လို ခံစားရ တုန်းပဲ”
အတော် စိတ်မကောင်း ဖြစ်နေပုံရတဲ့ စီက ဘီယာကို တစ်ရှိန်ထိုး မော့သောက်ပစ် လိုက်တယ်။
“ကျွန်တော့်မှာလည်း ပြောစရာ တစ်ခု ရှိတယ်ဗျ”

ကုလားလေး အိုင်က စကားစပြန်တယ်။
“ဒီလိုဗျ။ ကျွန်တော် ဆေးခန်းဖွင့်တဲ့ ပြည်နယ်က စိုက်ပျိုးရေး အဓိက လုပ်တာ ဆိုတော့ ဆေးခန်းကို လာတဲ့ လူနာ အများစုက တောင်သူ လယ်သမားတွေပဲ။ တစ်နေ့ တော့ ကျွန်တော့် ဆေးခန်းကို လာနေကျ လယ်သမား တစ်ဦး ရောက်လာတယ်။
“ဖနောင့် ငုတ်စူးလို့ ဆရာရေ။ ဟိုအရွက်အုံ ဒီအရွက် အုံနဲ့ ငါးရက်လောက် ရှိသွားပြီ။ အခု တအားရောင်ပြီး ကိုက်လာတာ။ ညဆို မအိပ်နိုင်ဘူး”
“ခုတလော အနာတွေနဲ့ အကျိုးပေး သန်နေပါ့လား”

“ဟုတ်ပါ့ဆရာရေ။ ဘယ်လို ဖြစ်နေမှန်းကို မသိ ပါဘူး”

“ဟုတ်တယ်ဗျ။ လွန်ခဲ့တဲ့ ၁၅ ရက်လောက်က လက်ကို ဖက်လှီးဓား ပြတ်လို့ ကျွန်တော် ချုပ်ပေးလိုက်ရသေးတယ်။ ကြည့်လိုက်တော့ သူ့အနာက ပြည်တည်နေပြီ။ ဒါနဲ့ ကျွန်တော်က
“ဟာ ခင်ဗျား အနာက တော်တော် မှည့်နေပြီ။ ခွဲမှ ဖြစ်မယ်”
“ခွဲဆိုလည်း ခွဲရမှာပေါ့ ဆရာရယ်။ ဒါပေမယ့် ထုံးစံ အတိုင်း မနာအောင် ထုံဆေးနဲ့ ခွဲပေးပါ။ ဆရာလည်း သိတဲ့ အတိုင်းကျုပ်က လူကြမ်း သလောက် အသည်းက နုတယ်ဗျ”

တိုတိုပြောရရင် သူ့ခြေထောက်ကို ထုံဆေးပေး၊ အနာကို ဓားနဲ့ ခွဲပြီး ပြည်တွေ ညှစ်ထုတ်ပေးလိုက်တယ်။ လူနာလည်း ရယ်ရယ်မောမောနဲ့ အိမ်ပြန်သွားတယ်။ မကြာပါဘူး လူနာအိမ်က လူတစ်ယောက် ပြေးလာပြီး
“ဆရာ အမြန်လိုက်ခဲ့ ပါဦး။လူနာက မူးတယ်မူးတယ် ပြောပြီး ဘယ်လလို ဖြစ်သွားမှန်း မသိဘူး”

ဒါနဲ့ ကျွန်တော်လည်း ဆေးအိတ်ဆွဲပြီး ထလိုက်သွားတယ်။ ဟိုအိမ်ရောက်တော့ လူနာက အသက် မရှိတော့ဘူး။ အိမ်အပြန်လမ်းမှာ
“အရင် ဖက်လှီးဓား ပြတ် တုန်းကလည်း ထုံဆေးထိုးပြီး ချုပ်ပေးခဲ့တယ်။ ဘာမှမဖြစ်ခဲ့ ဘူး။ ဒီတစ်ခါ ဘာများ မှားပါလိမ့်။ ထုံဆေးပဲ မတည့်လို့လား။ ဒါမှမဟုတ် ထုံဆေးက သွေးကြောထဲ ၀င်သွားလို့လား။ ငါ့နှယ် ကံဆိုးလိုက်တာနော်” ဆိုပြီး စိတ်ထဲမှာ တနုံ့နုံ့ ဖြစ်နေတယ်။

“ဒီအနာကို ငါမခွဲဘဲ သူ့ ဘာသာသူ ပြည်အပေါက် စောင့်လိုက်ရင် ဒီလူ မသေဘူး။ ငါ သွားခွဲလိုက်လို့သာ သူ့ခမျာ သေရတာ။ သွားခွဲတာကိုက ငါ့အမှား။ အို ငါ ဆရာဝန်ဖြစ် လာတာကိုက မှားနေပြီ” ဆိုပြီး လူနာတွေကို နောက်ထပ်ခွဲ စိတ်ဖို့ ကြောက်လာတယ်။ နဂို က ခွဲစိတ်မှုဝါသနာပါတဲ့ ကျွန်တော်ဟာ ဆေးကုသမှု ကိုပဲ လုပ်တော့မယ် တိုပြီး ဒီအမ် အာစီဘွဲ့ကို ယူဖြစ်သွားတယ်”

အိုင်ရဲ့ မျက်လုံးတွေက ၀မ်းနည်းမှု အရိပ်အယောင် တွေနဲ့ ရီဝေနေတယ်။
“ကျွန်တော့် အဖြစ်ကလည်း ဆိုးလွန်းပါတယ်ဗျာ”

ကျွန်တော်က စကား စလိုက်တယ်။
“အဲဒီတုန်းက ကျွန်တော့် အထက်မှာ မြို့နယ် ဆရာဝန် တစ်ယောက်ရှိတယ်။ သူက ကျွန်တော့်ကို ညီအရင်းလို ချစ်တယ်။ ကျွန်တော် တာဝန် ထမ်းဆောင်တဲ့မြို့က အကြေ မြို့ကလေး တစ်မြို့။ ကြံခင်းတွေ၊ ဖရဲခင်းတွေ ပေါမှပေါ။ တစ်နေ့ နေ့လယ် မြို့နယ် ဆရာဝန် ကြီးက ခေါ်ခိုင်းလို့ ဆေးရုံကို လာခဲ့တယ်။ ဆေးရုံရုံးခန်း ရောက်တော့ မြို့နယ်ဆရာဝန် ကြီးက ခေါ်ခိုင်းလို့ ဆေးရုံကို လာခဲ့တယ်။ ဆေးရုံ ရုံးခန်း ရောက်တော့ မြို့နယ် ဆရာဝန် ကြီးကို အိပ်ရာပေါ် ခွေခွေလေး လှဲနေတာ တွေ့ရတယ်။ ဒါနဲ့ ကျွန်တော်က
“အစ်ကိုက ဘာဖြစ် တာလဲ။ နေမကောင်းဘူးလား”

“အေးကွာ လူနာအိမ်တွေ လည်ကြည့်ရင်း နေကပူတော့ အားနည်းသွားသလား မသိ ဘူး”

“မှန်းစမ်း ကျွန်တော် စမ်း ကြည့်ရအောင်”

စစ်ကြည့်လိုက်တော့ သွေးပေါင် နည်းနည်း ကျနေတယ်။ကျန်တာတွေ အကုန်အကောင်း။
“ဟာ သွေးပေါင်ကျနေ တာပဲ။ နေပူလို့နဲ့ တူတယ်။ ချို ငန် တစ်လုံးလောက် ဆက်လိုက်ရအောင်”
“အေး အေး မင်းကောင်း သလို ကြည့်လုပ်ကွာ”

ဒါနဲ့ ကျွန်တော်လည်း ချိုငန်ပုလင်းကြီးထဲ အားဆေးတွေ ထည့်ပြီး ဆက်ပေးလိုက်တယ်။ သူနာပြုဆရာမ တစ်ယောက်ကို ဂရုစိုက်ဖို့ မှာခဲ့ပြီး ဆေးရုံက လူနာတွေကြည့်ဖို့ ထွက်ခဲ့တယ်။ မကြာပါဘူး။ အဲဒီ ဆရာမ အူယားဖားယား ပြေးလိုက်လာတယ်။
“ဆရာ ဆရာ ဆရာကြီး သတိ လစ်သွားပြီ”

ဒါနဲ့ ကျွန်တော်လည်း မသင်္ကာလို့ Glucometer ခေါ် တဲ့ သွေးချိုစစ်တဲ့ စက်ကလေးနဲ့ စမ်းကြည့်လိုက်တယ်။ မြတ်စွာဘုရား၊ သွေးချိုတွေ အရမ်း တက်နေပါလား။ မြို့နယ် ဆရာဝန်က Diabetes Coma (သွေးချိုတက်၍ သတိလစ်ခြင်း)ရပြီး စန့်စန့်ကြီး ဖြစ်နေပြီ။ နောက် ဘယ်တော့ မှ သတိပြန်မရဘဲ ဒီရောဂါနဲ့ သူ ကွယ်လွန်သွားတယ်။ ခက် တာက ကျွန်တော် သိရသလောက် သူ့မှာ ဆီးချို သွေးချို ရောဂါ ရာဇ၀င် မရှိဘူး။ နောက်ပြီး သူက ဆေးလည်ကုရင်း ကြံရည်သောက်၊ ဖရဲသီးတွေ စားလာခဲ့သေးတယ်တဲ့။ ဒါတွေကြောင့် သွေးချိုတက်ပြီး မအီမသာ ဖြစ်နေတာ။ ဒါကို မသိဘဲ အားနည်းတယ် ထင်ပြီး ပုလင်းကြီး ဆက်လိုက်တော့ သူ့ခမျာ မြန်မြန် သေသွားတာပေါ့။

ကျွန်တော်တော့ “ငါ တော်တော် အသုံးမကျတဲ့ ဆရာဝန်။ဒီလူသေတာ ငါ့ပမယောဂ မကင်းဘူး”ဆိုပြီး တဖျစ် တောက်တောက်နဲ့ ကိုယ့်ကိုယ် ကိုယ် အပြစ်တင်မိတယ်။ ဆရာဝန်ကတော်ကိုလည်း ဘယ်လို မျက်နှာချင်း ဆိုင်ရမှန်း မသိတော့ဘူး။ ခုချိန်မှာ ကလေးသုံးယောက်နဲ့ ဘ၀ကို ဘယ်လို ရုန်းကန်နေမှန်း မသိတဲ့ ဆရာဝန် ကတော်ကို မြင်ယောင်ရင်း စိတ်မသက်မသာ သက်ပြင်းချလိုက်မိတယ်။
“ငါ့သားတို့ လူတစ်ယောက် သေဆုံးသွားတာ ၀မ်းနည်းစရာဆိုတာ သေချာပေမယ့် လူတစ်ယောက် အသက် ရှင်လာတာ ၀မ်းသာစရာ သေချာရဲ့လား”

မစ္စတာ ပီရက်စ်က ကောက်ခါငင်ကာ မေးခွန်း ထုတ်လိုက်တယ်။ကျွန်တော်တို့ကလည်း မဆိုင်းမတွဘဲ
“သေမင်းလက်က လူ တစ်ယောက်ရဲ့ အသက်ကို လုယူနိုင်ခဲ့ရင် ဒီထက် ၀မ်းသာစရာ ကောင်းတဲ့ အောင်မြင်မှု ရှိဦးမလား”

မစ္စတာပီရက်စ်က
“ကောင်းပြီလေ ကျုပ်ကို မောင်ရင်တို့လိုပဲ ပြောခဲ့ဖူးတဲ့ ဆရာဝန် တစ်ယောက်ရဲ့ ၀မ်းနည်းစရာ ဇာတ်ကြောင်း လေးကို ပြောပြချင်ပါတယ်”

“အလို ဆေးလောကနဲ့ မပတ်သက်တဲ့ အဘိုးကြီးမှာလည်း ရင်ဖွင့်စရာနဲ့ ပါကလား”

သူက စကား ဆက်လိုက်တယ်။
“အဲဒီ ဆရာဝန်က တခြားသူ မဟုတ်ဘူး။ ကျုပ်ရဲ့အဖေ ဒေါက်တာ ပီရက်စ်ပဲ။ ဒုတိယ ကမ္ဘာစစ် မဖြစ်မီ ကျုပ်တို့သား အဖက ဂျာမနီပြည်ရဲ့ တောမြို့ လေးတစ်မြို့မှာ နေတယ်။ အဖေက ဆေးခန်းလေး ဖွင့်ထားတယ်။ လူနာရှိလို့ လာခေါ်ရင် အနီးအနားက ကျေးရွာတွေ ကို မြင်းရထားတစ်စီးနဲ့ ဆေး လိုက်ကုတယ်။ ငွေကြေးကို အဓိက မထားဘဲစေတနာ အရင်းခံနဲ့ ကုတော့ အဖေ့ကို လူတွေက သိပ်ချစ်ကြတယ်။ တစ်နေ့အဖေ ဆေးကုသွားရာ ကအပြန် မြင်းရထားပေါ်မှာ သတိလစ်နေတဲ့ လူငယ် တစ် ယောက်ပါလာတယ်။

“တောထဲမှာ အအေးမိပြီး သတိ လစ်နေတာတွေ့လို့ ခေါ်လာတာ သားရေ။ ငါတို့ သူ့အသက်ကို မရရအောင် ကယ်ရမယ်ကွ”

“ဒါနဲ့ အဖေက အဲဒီလူ ငယ်ကို နေ့မနား ညမနား ပြုစုတယ်။ ကျုပ်ကတော့ အဖေ့ကို ကူလုပ်ပေးရတာပေါ့။ ပုလင်းကြီးတွေဆက်၊ နှာခေါင်း ပိုက်ကနေ အစာတွေသွင်း၊ ပဋိဇီဝ ဆေးတွေထိုးနဲ့ နောက်ဆုံးတော့ အဖေဟာ ဒီလူငယ်ရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တယ်။ ဒီလိုနဲ့ လူငယ်က ကောင်းကောင်းကြီး နာလန်ထလာတယ်။ သူ့နာမည် က အဒေါ့ဖ်တဲ့”