Monday, September 26, 2011

ကောင်းကင် မရှိတဲ့ .. ကြယ်

ဘယ်သူမှ မပြောဖြစ်တဲ့ ဇာတ်လမ်းပေါ့ဗျာ။ ခင်ဗျား စိတ်ဝင်စားမလား မသိဘူး။ ဒီလိုဗျာ။ လွန်ခဲ့တဲ့ နှစ်အတော် ကြာက အင်္ဂလန် နိုင်ငံကို ဆေး ပညာဘွဲ့လွန် သင်တန်းတက်ဖို့ ကျွန်တော်ရောက်ခဲ့တယ်။ အဲဒီ မှာ တရုတ်ပြည်က လာတဲ့ စီ ဆိုတဲ့အကောင်ရယ်၊ အိန္ဒိယက လာတဲ့ အိုင်ဆိုတဲ့ အကောင် ရယ်၊ ကျွန်တော်ရယ် အာရှ တိုက်သားတွေ လုံးမိပြီး သူငယ် ချင်းတွေ ဖြစ်သွားကြတယ်။ သုံးယောက်သား အဆောင်ကို စုငှားနေကြပြီး နေအတူ၊ သွား အတူ၊ စားအတူ၊ စာကျက် တော့လည်း အတူ၊ နောက်ဆုံး အမ်အာစီပီ ဆိုတဲ့ ဆေးပညာ ပါရဂူ စာမေးပွဲကိုလည်း အတူတူ အောင်ခဲ့ကြတယ်။

ဒီတော့ ကျွန်တော်တို့လည်း ၀မ်းသာအားရ ကိုယ့်နိုင်ငံ ကိုယ်ပြန်ဖို့ ပြင်ဆင်ရတာပေါ့။ ကျွန်တော်တို့ ငှားနေတဲ့ အဆောင် ပိုင်ရှင်က မစ္စတာပီရက်စ်တဲ့။ ဂျူးအဘိုးကြီးဗျ။ လင်မယားနှစ် ယောက်ထဲ ရှိတယ်။ သားသမီး မထွန်းကားဘူး။ သူ့အဆောင်မှာ အနေကြာလာတော့ သူက ကျွန်တော်တို့ သုံးယောက်ကို သား အရင်းလို သံယောဇဉ်ဖြစ်နေရှာတယ်။ ဒါနဲ့ မစ္စတာပီရက်စ်က ကျွန်တော်တို့ သုံးယောက်ကို ခေါ်ပြီး
“ငါ့သားတို့ မင်းတို့ ဒီနိုင်ငံကနေ အမ်အာစီပီ ဆိုတဲ့ ပါရဂူဘွဲ့ရ ပြီးလို့ မနက်ဖြန်ဆို ကိုယ့်နိုင်ငံကို ပြန်ရတော့မယ်။မင်းတို့ မိသားစု တွေနဲ့လည်း ပြန်ဆုံရတော့မယ်။ ဒီအတွက် မင်းတို့ကိုယ်စား ၀မ်းသာပေမယ့် ကာလ ရှည်လျားစွာ အတူနေခဲ့တဲ့ မင်းတို့နဲ့ ခွဲခွာရမှာ ဖြစ်တဲ့ အတွက် တစ်ဖက်ကလည်း ၀မ်းနည်းစရာပါပဲ။ ဒါပေမယ့် မင်းတို့လည်း သိတဲ့အတိုင်းပဲ။ လူဆိုတာ ကံစီမံရာ ကကြရတာပဲ။ တွေ့ဆုံကြုံကွဲ ဖြစ်မြဲဓမ္မတာကိုး”

သူက သူ့မိန်းမ မစ္စပီ ရက်စ်ကို မေးငေါ့ပြီး
“မင်းတို့ အမေက မင်းတို့ကို နှုတ်ဆက် ညစာလေး ကျွေးချင်တယ်။ ဒီည အပြင်ထွက် မစားဘဲ ဒီမှာလာစားကြပေါ့”

ဒီလိုနဲ့ ကျွန်တော်တို့လည်း အဲဒီညက မစ္စတာပီရက်စ်တို့ ဇနီးမောင်နှံ တည်ခင်းတဲ့ ညစာကို စားကြရတယ်။ အဲဒီ ညစာ စားပွဲမှာ မစ္စတာပီရက်စ် က
“ငါ့သားတို့ မင်းတို့ဟာ ဆရာဝန် ရင့်မကြီးတွေ ဖြစ်လာ ပြီဆိုတော့ လူနာတွေ အများကြီးနဲ့ တွေ့ရတော့မယ်။ မမှားသော ရှေ့နေ၊ မသေသော ဆေး သမားမရှိဘူး ဆိုတဲ့ စကား မင်းတို့လည်း ကြားဖူးတာပဲ။ လူနာ တွေထဲမှာ မင်းတို့ ကုသလို့ မပျောက်နိုင်တဲ့ ရောဂါတွေ လည်း ပါလိမ့်မယ်။ ဥပမာ ကင်ဆာလို ရောဂါမျိုးပေါ့။ ဘာပဲ ဖြစ်ဖြစ် လူဆိုတာ သူ့ကံနဲ့သူ တိုင်းထွာလာတာဆိုတော့ ကယ်နိုင်တဲ့ လူကယ်ပြီး မကယ်နိုင်တဲ့ လူကျကံကိုပဲ ပုံချရလိမ့်မယ်။ အရေးကြီးတာက လူနာ တစ်ယောက်ဟာ သူ့ရောဂါကြောင့် သူသေတာ မဟုတ်ဘဲ ဆရာဝန်ရဲ့ ပေါ့ဆမှု၊ ဒါမှမဟုတ် ဆရာဝန်ရဲ့ ပယောဂကြောင့် သေဆုံးတာမျိုး မဖြစ်စေနဲ့”

“အဖေ (ကျွန်တော်တို့က သူ့ကို အဖေလို့ ခေါ်တယ်) ပြောတာ သိပ်မှန်တယ်။ တိုက်ဆိုင်လို့ တရုတ်ပြည်မှာ ကျွန်တော် ကြုံဖူးခဲ့တဲ့ အဖြစ် ကလေးတစ်ခု ပြောပြဦးမယ်”

စီက ဘီယာ တစ်ကျိုက် မော့သောက်လိုက်ပြီး စကား ဆက်လိုက်ရတယ်။
“တစ်နေ့ ညကြီး သန်းခေါင် ကျွန်တော် အိပ်ပျော်နေတုန်း ဆရာ ဆရာ ထပါဦး။ လူနာ အရေးကြီးလို့ပါ ဆိုပြီး အိမ်တံခါးကို တ၀ုန်း ၀ုန်း ထုသံကြားရတယ်။ လန့်နိုး လာပြီး တံခါးဖွင့်ကြည့်လိုက် တော့ ကျွန်တော့်ဆီ လာနေကျ ရင်ကျပ်ပန်းနာ အဘွားကြီး၊ အဆုတ်က တရွှီရွှီ အသံပေးပြီး ဖားဖိုထိုးသလို မောနေတယ်။ ဒါနဲ့ ထိုးနေကျအတိုင်း အမိုင်နို ဖိုင်လင်းခေါ်တဲ့ ရင်ကျပ် ပျောက်ဆေးကို ၂၅ ရာခိုင်နှုန်း ဂလူးကို့စ်နဲ့ ရောပြီး ထိုးလိုက်တယ်။ ထိုးနေရင်း တန်းလန်း လူနာက
“အမယ်လေး ဆရာ တစ်ကိုယ်လုံး ပူလာပြီးရင်က ပိုကျပ်လာတယ်” လို့ ပြောတယ်။ အိပ်လို့ကောင်းတုန်း အနှိုးခံထားရလေတော့ လူက စိတ်တိုနေတယ်။
ဒါကြောင့် . . .

ဒီမှာ အဘွားကြီး ဒီဆေး က ဒီလိုပဲ။ ခင်ဗျားလည်း ထိုးဖူးသားနဲ့လို့ ငေါက်ပြော ပြောလိုက်တယ်။ အဘွားကြီး က စကားပြန်မပြောနိုင်ဘူး ကြည့်လိုက်တော့ ဇက်က ကျိုးကျနေပြီ။ ကျွန်တော်က သူ့ နှလုံးကို နားကြပ်နဲ့ ထောက် ကြည့်တယ်။ နှလုံးခုန်သံ မကြားရတော့ဘူး။ မျက်လုံးကို ဖြဲပြီး ဓာတ်မီးနဲ့ ထိုးကြည့်တော့ သူငယ်အိမ် မကစားတော့ဘူး။ ဒီတော့မှ ကျွန်တော်လည်း ချွေးပြန်လာပြီး “လူနာအသက် မရှိတော့ဘူး”လို့ ပြောလိုက်တယ်။ လူနာရှင်တွေလည်း ငိုယိုပြီး အလောင်းကြီးကို ပွေ့ပြီး ပြန်သယ်သွားကြတယ်။

စောစောက အိပ်ချင် စိတ်တွေ ကြက်ပျောက် ငှက် ပျောက် ပျောက်သွားတယ်။ ခါတိုင်း ဒီဆေးထိုးရင် ဒီအဘွား ကြီး သက်သာနေကျပါ။ ဒီ တစ်ခါ ဘယ်လိုဖြစ်တာ ပါလိမ့်ဆိုပြီး မကျေမနပ်ဖြစ် မိတယ်။ ဒါနဲ့ စောစောက ထိုးခဲ့တဲ့အမိုင်နိုပုလင်းခွံကို ပြန် ရှာကြည့်တယ်။“ဘုရား ဘုရား” ကြက်သီးတွေထပြီး ကျွန်တော့် တစ်ကိုယ်လုံးမှာ ရှိတဲ့ အမွေးတွေ ထောင်လာတယ်။ ဒီထိုး ဆေးပုလင်းက အမိုင်နိုထိုးဆေး မဟုတ်ဘူးဗျ။ ကယ်လ်စီယမ် ဂလူကိုနိတ် ထိုးဆေးပုလင်း။ ကြွက်တက်တဲ့ ရောဂါမှာ ထိုးရတာ ပုလင်းပုံစံက တူတော့ အိပ်ချင်မူးတူးနဲ့ မှားယူပြီး ထိုးလိုက်မိတာ အဘွားကြီး မသေခံနိုင်ရိုးလား၊ ခေါင်းနား ပန်းတွေ ကြီးသွားပြီး “ငါ ဆေး ထိုးမှားလို့ အဘွားကြီး သေ တာ၊ သူသေတာ ငါ့ကြောင့်၊ ငါဟာ အလကား ဆရာဝန်” ဆိုပြီး ဆရာဝန်လုပ် ချင်စိတ် ကုန်သွားတယ်။ အချိန်တွေ ကြာလာလို့ မေ့မေ့ပျောက် ပျောက် ဖြစ်သွားပေမယ့် ဒီအဘွားကြီးမျက်နှာ အိပ်မက် မက်ပြီး လန့်နိုးရတာ မကြာ ခဏပဲ။ ဒီအဖြစ်ကို ပြန်တွေးမိတိုင်း ကျွန်တော်ဟာ အပြစ်ရှိ သူတစ်ယောက်လို ခံစားရ တုန်းပဲ”
အတော် စိတ်မကောင်း ဖြစ်နေပုံရတဲ့ စီက ဘီယာကို တစ်ရှိန်ထိုး မော့သောက်ပစ် လိုက်တယ်။
“ကျွန်တော့်မှာလည်း ပြောစရာ တစ်ခု ရှိတယ်ဗျ”

ကုလားလေး အိုင်က စကားစပြန်တယ်။
“ဒီလိုဗျ။ ကျွန်တော် ဆေးခန်းဖွင့်တဲ့ ပြည်နယ်က စိုက်ပျိုးရေး အဓိက လုပ်တာ ဆိုတော့ ဆေးခန်းကို လာတဲ့ လူနာ အများစုက တောင်သူ လယ်သမားတွေပဲ။ တစ်နေ့ တော့ ကျွန်တော့် ဆေးခန်းကို လာနေကျ လယ်သမား တစ်ဦး ရောက်လာတယ်။
“ဖနောင့် ငုတ်စူးလို့ ဆရာရေ။ ဟိုအရွက်အုံ ဒီအရွက် အုံနဲ့ ငါးရက်လောက် ရှိသွားပြီ။ အခု တအားရောင်ပြီး ကိုက်လာတာ။ ညဆို မအိပ်နိုင်ဘူး”
“ခုတလော အနာတွေနဲ့ အကျိုးပေး သန်နေပါ့လား”

“ဟုတ်ပါ့ဆရာရေ။ ဘယ်လို ဖြစ်နေမှန်းကို မသိ ပါဘူး”

“ဟုတ်တယ်ဗျ။ လွန်ခဲ့တဲ့ ၁၅ ရက်လောက်က လက်ကို ဖက်လှီးဓား ပြတ်လို့ ကျွန်တော် ချုပ်ပေးလိုက်ရသေးတယ်။ ကြည့်လိုက်တော့ သူ့အနာက ပြည်တည်နေပြီ။ ဒါနဲ့ ကျွန်တော်က
“ဟာ ခင်ဗျား အနာက တော်တော် မှည့်နေပြီ။ ခွဲမှ ဖြစ်မယ်”
“ခွဲဆိုလည်း ခွဲရမှာပေါ့ ဆရာရယ်။ ဒါပေမယ့် ထုံးစံ အတိုင်း မနာအောင် ထုံဆေးနဲ့ ခွဲပေးပါ။ ဆရာလည်း သိတဲ့ အတိုင်းကျုပ်က လူကြမ်း သလောက် အသည်းက နုတယ်ဗျ”

တိုတိုပြောရရင် သူ့ခြေထောက်ကို ထုံဆေးပေး၊ အနာကို ဓားနဲ့ ခွဲပြီး ပြည်တွေ ညှစ်ထုတ်ပေးလိုက်တယ်။ လူနာလည်း ရယ်ရယ်မောမောနဲ့ အိမ်ပြန်သွားတယ်။ မကြာပါဘူး လူနာအိမ်က လူတစ်ယောက် ပြေးလာပြီး
“ဆရာ အမြန်လိုက်ခဲ့ ပါဦး။လူနာက မူးတယ်မူးတယ် ပြောပြီး ဘယ်လလို ဖြစ်သွားမှန်း မသိဘူး”

ဒါနဲ့ ကျွန်တော်လည်း ဆေးအိတ်ဆွဲပြီး ထလိုက်သွားတယ်။ ဟိုအိမ်ရောက်တော့ လူနာက အသက် မရှိတော့ဘူး။ အိမ်အပြန်လမ်းမှာ
“အရင် ဖက်လှီးဓား ပြတ် တုန်းကလည်း ထုံဆေးထိုးပြီး ချုပ်ပေးခဲ့တယ်။ ဘာမှမဖြစ်ခဲ့ ဘူး။ ဒီတစ်ခါ ဘာများ မှားပါလိမ့်။ ထုံဆေးပဲ မတည့်လို့လား။ ဒါမှမဟုတ် ထုံဆေးက သွေးကြောထဲ ၀င်သွားလို့လား။ ငါ့နှယ် ကံဆိုးလိုက်တာနော်” ဆိုပြီး စိတ်ထဲမှာ တနုံ့နုံ့ ဖြစ်နေတယ်။

“ဒီအနာကို ငါမခွဲဘဲ သူ့ ဘာသာသူ ပြည်အပေါက် စောင့်လိုက်ရင် ဒီလူ မသေဘူး။ ငါ သွားခွဲလိုက်လို့သာ သူ့ခမျာ သေရတာ။ သွားခွဲတာကိုက ငါ့အမှား။ အို ငါ ဆရာဝန်ဖြစ် လာတာကိုက မှားနေပြီ” ဆိုပြီး လူနာတွေကို နောက်ထပ်ခွဲ စိတ်ဖို့ ကြောက်လာတယ်။ နဂို က ခွဲစိတ်မှုဝါသနာပါတဲ့ ကျွန်တော်ဟာ ဆေးကုသမှု ကိုပဲ လုပ်တော့မယ် တိုပြီး ဒီအမ် အာစီဘွဲ့ကို ယူဖြစ်သွားတယ်”

အိုင်ရဲ့ မျက်လုံးတွေက ၀မ်းနည်းမှု အရိပ်အယောင် တွေနဲ့ ရီဝေနေတယ်။
“ကျွန်တော့် အဖြစ်ကလည်း ဆိုးလွန်းပါတယ်ဗျာ”

ကျွန်တော်က စကား စလိုက်တယ်။
“အဲဒီတုန်းက ကျွန်တော့် အထက်မှာ မြို့နယ် ဆရာဝန် တစ်ယောက်ရှိတယ်။ သူက ကျွန်တော့်ကို ညီအရင်းလို ချစ်တယ်။ ကျွန်တော် တာဝန် ထမ်းဆောင်တဲ့မြို့က အကြေ မြို့ကလေး တစ်မြို့။ ကြံခင်းတွေ၊ ဖရဲခင်းတွေ ပေါမှပေါ။ တစ်နေ့ နေ့လယ် မြို့နယ် ဆရာဝန် ကြီးက ခေါ်ခိုင်းလို့ ဆေးရုံကို လာခဲ့တယ်။ ဆေးရုံရုံးခန်း ရောက်တော့ မြို့နယ်ဆရာဝန် ကြီးက ခေါ်ခိုင်းလို့ ဆေးရုံကို လာခဲ့တယ်။ ဆေးရုံ ရုံးခန်း ရောက်တော့ မြို့နယ် ဆရာဝန် ကြီးကို အိပ်ရာပေါ် ခွေခွေလေး လှဲနေတာ တွေ့ရတယ်။ ဒါနဲ့ ကျွန်တော်က
“အစ်ကိုက ဘာဖြစ် တာလဲ။ နေမကောင်းဘူးလား”

“အေးကွာ လူနာအိမ်တွေ လည်ကြည့်ရင်း နေကပူတော့ အားနည်းသွားသလား မသိ ဘူး”

“မှန်းစမ်း ကျွန်တော် စမ်း ကြည့်ရအောင်”

စစ်ကြည့်လိုက်တော့ သွေးပေါင် နည်းနည်း ကျနေတယ်။ကျန်တာတွေ အကုန်အကောင်း။
“ဟာ သွေးပေါင်ကျနေ တာပဲ။ နေပူလို့နဲ့ တူတယ်။ ချို ငန် တစ်လုံးလောက် ဆက်လိုက်ရအောင်”
“အေး အေး မင်းကောင်း သလို ကြည့်လုပ်ကွာ”

ဒါနဲ့ ကျွန်တော်လည်း ချိုငန်ပုလင်းကြီးထဲ အားဆေးတွေ ထည့်ပြီး ဆက်ပေးလိုက်တယ်။ သူနာပြုဆရာမ တစ်ယောက်ကို ဂရုစိုက်ဖို့ မှာခဲ့ပြီး ဆေးရုံက လူနာတွေကြည့်ဖို့ ထွက်ခဲ့တယ်။ မကြာပါဘူး။ အဲဒီ ဆရာမ အူယားဖားယား ပြေးလိုက်လာတယ်။
“ဆရာ ဆရာ ဆရာကြီး သတိ လစ်သွားပြီ”

ဒါနဲ့ ကျွန်တော်လည်း မသင်္ကာလို့ Glucometer ခေါ် တဲ့ သွေးချိုစစ်တဲ့ စက်ကလေးနဲ့ စမ်းကြည့်လိုက်တယ်။ မြတ်စွာဘုရား၊ သွေးချိုတွေ အရမ်း တက်နေပါလား။ မြို့နယ် ဆရာဝန်က Diabetes Coma (သွေးချိုတက်၍ သတိလစ်ခြင်း)ရပြီး စန့်စန့်ကြီး ဖြစ်နေပြီ။ နောက် ဘယ်တော့ မှ သတိပြန်မရဘဲ ဒီရောဂါနဲ့ သူ ကွယ်လွန်သွားတယ်။ ခက် တာက ကျွန်တော် သိရသလောက် သူ့မှာ ဆီးချို သွေးချို ရောဂါ ရာဇ၀င် မရှိဘူး။ နောက်ပြီး သူက ဆေးလည်ကုရင်း ကြံရည်သောက်၊ ဖရဲသီးတွေ စားလာခဲ့သေးတယ်တဲ့။ ဒါတွေကြောင့် သွေးချိုတက်ပြီး မအီမသာ ဖြစ်နေတာ။ ဒါကို မသိဘဲ အားနည်းတယ် ထင်ပြီး ပုလင်းကြီး ဆက်လိုက်တော့ သူ့ခမျာ မြန်မြန် သေသွားတာပေါ့။

ကျွန်တော်တော့ “ငါ တော်တော် အသုံးမကျတဲ့ ဆရာဝန်။ဒီလူသေတာ ငါ့ပမယောဂ မကင်းဘူး”ဆိုပြီး တဖျစ် တောက်တောက်နဲ့ ကိုယ့်ကိုယ် ကိုယ် အပြစ်တင်မိတယ်။ ဆရာဝန်ကတော်ကိုလည်း ဘယ်လို မျက်နှာချင်း ဆိုင်ရမှန်း မသိတော့ဘူး။ ခုချိန်မှာ ကလေးသုံးယောက်နဲ့ ဘ၀ကို ဘယ်လို ရုန်းကန်နေမှန်း မသိတဲ့ ဆရာဝန် ကတော်ကို မြင်ယောင်ရင်း စိတ်မသက်မသာ သက်ပြင်းချလိုက်မိတယ်။
“ငါ့သားတို့ လူတစ်ယောက် သေဆုံးသွားတာ ၀မ်းနည်းစရာဆိုတာ သေချာပေမယ့် လူတစ်ယောက် အသက် ရှင်လာတာ ၀မ်းသာစရာ သေချာရဲ့လား”

မစ္စတာ ပီရက်စ်က ကောက်ခါငင်ကာ မေးခွန်း ထုတ်လိုက်တယ်။ကျွန်တော်တို့ကလည်း မဆိုင်းမတွဘဲ
“သေမင်းလက်က လူ တစ်ယောက်ရဲ့ အသက်ကို လုယူနိုင်ခဲ့ရင် ဒီထက် ၀မ်းသာစရာ ကောင်းတဲ့ အောင်မြင်မှု ရှိဦးမလား”

မစ္စတာပီရက်စ်က
“ကောင်းပြီလေ ကျုပ်ကို မောင်ရင်တို့လိုပဲ ပြောခဲ့ဖူးတဲ့ ဆရာဝန် တစ်ယောက်ရဲ့ ၀မ်းနည်းစရာ ဇာတ်ကြောင်း လေးကို ပြောပြချင်ပါတယ်”

“အလို ဆေးလောကနဲ့ မပတ်သက်တဲ့ အဘိုးကြီးမှာလည်း ရင်ဖွင့်စရာနဲ့ ပါကလား”

သူက စကား ဆက်လိုက်တယ်။
“အဲဒီ ဆရာဝန်က တခြားသူ မဟုတ်ဘူး။ ကျုပ်ရဲ့အဖေ ဒေါက်တာ ပီရက်စ်ပဲ။ ဒုတိယ ကမ္ဘာစစ် မဖြစ်မီ ကျုပ်တို့သား အဖက ဂျာမနီပြည်ရဲ့ တောမြို့ လေးတစ်မြို့မှာ နေတယ်။ အဖေက ဆေးခန်းလေး ဖွင့်ထားတယ်။ လူနာရှိလို့ လာခေါ်ရင် အနီးအနားက ကျေးရွာတွေ ကို မြင်းရထားတစ်စီးနဲ့ ဆေး လိုက်ကုတယ်။ ငွေကြေးကို အဓိက မထားဘဲစေတနာ အရင်းခံနဲ့ ကုတော့ အဖေ့ကို လူတွေက သိပ်ချစ်ကြတယ်။ တစ်နေ့အဖေ ဆေးကုသွားရာ ကအပြန် မြင်းရထားပေါ်မှာ သတိလစ်နေတဲ့ လူငယ် တစ် ယောက်ပါလာတယ်။

“တောထဲမှာ အအေးမိပြီး သတိ လစ်နေတာတွေ့လို့ ခေါ်လာတာ သားရေ။ ငါတို့ သူ့အသက်ကို မရရအောင် ကယ်ရမယ်ကွ”

“ဒါနဲ့ အဖေက အဲဒီလူ ငယ်ကို နေ့မနား ညမနား ပြုစုတယ်။ ကျုပ်ကတော့ အဖေ့ကို ကူလုပ်ပေးရတာပေါ့။ ပုလင်းကြီးတွေဆက်၊ နှာခေါင်း ပိုက်ကနေ အစာတွေသွင်း၊ ပဋိဇီဝ ဆေးတွေထိုးနဲ့ နောက်ဆုံးတော့ အဖေဟာ ဒီလူငယ်ရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တယ်။ ဒီလိုနဲ့ လူငယ်က ကောင်းကောင်းကြီး နာလန်ထလာတယ်။ သူ့နာမည် က အဒေါ့ဖ်တဲ့”



“အဒေါ့ဖ်”

“ဟုတ်တယ် သူက ဂျာမန်လူငယ် တစ်ယောက်ပေါ့။ နေကောင်းလာတဲ့ အခါ အဒေါ့ဖ်က ကျုပ်တို့ရဲ့ အိမ်မှု ကိစ္စတွေကို ကျုပ်နဲ့အတူ ၀ိုင်း လုပ်ပေးတယ်။ ပြောင်းခင်းတွေကို ကူရိတ်ပေးတယ်။ နွားစာ ကျွေးတယ်။ အဖေ ဆေးကုသွားရင် ဆေးအိတ်ကိုင်ပြီး နောက်က လိုက်တယ်။ အဖေက အဒေါ့ဖ်ကို သားတစ်ယောက်လို ချစ်တယ်။ ကျုပ်ကတော့ အဒေါ့ဖ် ရောက်လာတာ ကောင်းကင်ဘုံက အစ်ကို တစ်ယောက်ကျလာသလိုပါပဲ”

“အဒေါ့ဖ်ဟာ လူကောင်း တစ်ယောက်ပဲဟေ့။ ဒီလိုလူငယ် တစ်ယောက်ရဲ့ အသက်ကို ကယ်ခဲ့ရတာ တော်တော် ကျေနပ်စရာ ကောင်းတယ်” လို့ အဖေက မကြာခဏ ပြော လေ့ရှိတယ်။ တစ်နေ့ မနက်က အဒေါ့ဖ် အိမ်က ပျောက်သွား တယ်။

အဘ ဒေါက်တာ အဖ ဂျာမနီပြည်ကြီး အတွက် လုပ်စရာတွေ ရှိသေးလို့ ကျွန်တော်သွားပြီ။ ကျွန်တော့် အသက်ကို ကယ်တင်ခဲ့တဲ့ အတွက် ကျေးဇူးတင် ပါတယ်။ ကံမကုန်ရင် ပြန်ဆုံ သေးတာပေါ့။
အဒေါ့ဖ်

ဆိုပြီး စာလေးတစ်စောင် ချန်ထားခဲ့တယ်။ အဖေကတော့ အဒေါ့ဖ် ပြန်လာနိုးနဲ့ နေ့စဉ် မျှော်နေတတ်တယ်။ ဒီလိုနဲ့ နှစ်တွေကြာလာပြီး ဂျာမနီပြည်မှာ နာဇီပါတီ ခေါင်းဆောင် ဟစ်တလာ အာဏာ ရလာတယ်။ သူက မဟာ အင်အားကြီး နိုင်ငံ ထူထောင်ဖို့ အတွက် စစ်ပြင်နေပြီ။ ဥရောပမှာ စစ်ရိပ် စစ်ငွေ့တွေ သမ်းလာတယ်။ တစ်နေ့တော့ အဖေ ဆေးကုရာက အပြန် ဟစ်တလာပုံ ပါတဲ့ သတင်းစာ ကိုကိုင်ပြီး
“ဟေ့ ပီရက်စ် ဒီဟစ်တလာကို မင်းမြင်ဖူးတယ်လို့ မထင်ဘူးလား” ဆိုပြီး မေးတယ်။

“ဟာ အဖေကလည်း သူ့ပုံ သတင်းစာထဲ ခဏခဏ ပါနေတာ မြင်ဖူးတာပေါ့ဗျ။ ဒါ အဆန်းလား”

“အေး ငါလည်း အစက တော့ မင်းလို ခပ်ပေါ့ပေါ့ပဲ။ ဟစ်တလာကို သေချာ မကြည့်မိဘူး။ နောက်မှကြည့်ရင်း ကြည့်ရင်းနဲ့ ရင်းရင်းနှီးနှီးထဲ ကတစ်ယောက်ယောက်နဲ့ တူပါတယ်လို့ အောက်မေ့မိ တယ်။ သူ့နှုတ်ခမ်းမွှေးကို ဖယ်ပြီး အသက်ငယ်ကြည့်လိုက် စမ်းကွာ။ သူ ဘယ်သူနဲ့ တူသလဲ”
စူးရှ တောက်ပြောင်တဲ့ မျက်လုံး၊ ထင်းနေတဲ့နှာခေါင်း၊ ပါးလျလျ နှုတ်ခမ်း၊ ခိုင်မာတဲ့ မေးရိုး။ ဒါ အဒေါ့ဖ်မှ အဒေါ့ဖ် အစစ်။

“အဖေ သူက ကျွန်တော် တို့ကယ်ခဲ့တဲ့ အဒေါ့ဖ်နဲ့ တူသလိုပဲ”

“အေး ဟုတ်တယ်။ ငါလည်း ဒီလို ထင်တာပဲ။နောက်ပြီး သူ့နာမည်က အဒေါ့ဖ်ဟစ် တလာဆိုတော့ ငါတို့အဒေါ့ဖ် ဖြစ်ဖို့ နီးစပ်တယ်။ ဟုတ် မဟုတ် ငါတို့ သွားတွေ့ကြည့်ရအောင်”

ဒါနဲ့ ကျုပ်တို့ သားအဖ မြို့တော် ဘာလင်ကို လာခဲ့ကြ တယ်။ ဂျာမနီပြည်ရဲ့အဓိပတိ ခေါင်းဆောင်ကြီး ဟစ်တလာနဲ့ တွေ့ဖို့ဆိုတာ ပြောသလောက် မလွယ်ဘူး။ တွေ့ချင်သူ ဒေါက်တာ ပီရက်စ်နှင့် သားဂျူနီယာပီ ရက်ဆိုတဲ့ နာမည် ကတ်လေးက အဆင့်ဆင့် ဖြတ်သန်းပြီးမှ နောက်ဆုံး ကျုပ်တို့ သားအဖ ဟစ်တလာ ရှေ့ရောက်ခဲ့တယ်။

“ဟဲလို အဘဒေါက်တာ။ ဟဲလို ညီလေး ပီရက်စ် နေ ကောင်းကြရဲ့လား” ဆိုပြီး ဟစ် တလာက ၀မ်းသာအားရ ထနှုတ်ဆက်တယ်။ နောက် သူက
“ဒီမှာ အဘ ကျွန်တော်က အဘအိမ်မှာ တောက်တို မည်ရ ကူလုပ်ပေးတဲ့ အဒေါ့ဖ် မဟုတ်တော့ဘူး။ အခု ဂျာမနီ ပြည်ရဲ့ လက်ညှိုးညွှန်ရာ ရေဖြစ် တဲ့ခေါင်းဆောင်ကြီး ဟစ်တလာ ဖြစ်နေပြီ။အဘ မအံ့သြ ဘူးလား”

အဖေက ပါးစပ်ဟောင်း လောင်း ဖြစ်နေတယ်။နောက်မှ
“အိပ်မက် တစ်ခုလို့ အောက်မေ့ရတယ်။ အဒေါ့ဖ်က ဟစ်တလာတဲ့။ မယုံနိုင်စရာပဲ”

“ဘာမှ မယုံ မရှိပါနဲ့။ ကျွန်တော်က အဘ ကယ်တင်ခဲ့တဲ့ အဒေါ့ဖ် အစစ်ပါ။ အဘဟာ ကျွန်တော့်ရဲ့ အသက် သခင်ပဲ။ ပြော အဘ၊ ဘာလို ချင်သလဲ။ လိုချင်တာ အကုန် ရစေရမယ်”

အဖေက လေးလေးနက်နက် စဉ်းစားလိုက်ပြီး
“အဒေါ့ဖ်ရေ တကယ်ရမှာ ဆိုတာ သေချာရဲ့လား”
“ဟာ စိတ်ချအဘ။ မြေလား၊ ရွှေလား၊ ငွေလား၊ ရာထူးလား”

အဖေက ခေါင်းခါလိုက်ပြီး
“ဒါတွေ တစ်ခုမှ မဟုတ်ပါဘူး။ ငါလိုချင်တာ ငြိမ်းချမ်းရေးပါ”

“ငြိမ်းချမ်းရေး”

“ဟုတ်တယ် အဒေါ့ဖ်။ အခု မင်းက တခြား နိုင်ငံတွေကို သိမ်းပိုက်ဖို့ စစ်ပြင်နေ တယ်ဆိုတဲ့ သတင်းတွေ ပလူပျံ နေတယ်။ ဒီသတင်း အမှန် တကယ်ဆိုရင်တော့ လူတွေ အတွက် မကောင်းဘူး။ စစ်ကို အကြောင်းပြုပြီး အသက် အိုးအိမ် စည်းစိမ်တွေ သေကျေ ပျက်စီးကြလိမ့်မယ်”

“အဲဒီတော့”

“အဲဒီတော့ မင်းရဲ့စစ်ရေး အစီအစဉ်တွေကို စွန့်လွှတ်ပြီး ငြိမ်းချမ်းရေး ရအောင် လုပ်ဖို့ မေတ္တာ ရပ်ခံပါရစေ”

“တော်တိတ် လုံးဝ မဖြစ်နိုင်ဘူး။ငြိမ်းချမ်းရေးကို လိုချင်တယ် ဆိုရင် အဘ ပြန်လှည့်ပါ။ ဒါမှမဟုတ် အခြား တစ်ခုခုနဲ့ အစားထိုး တောင်းလိုက် စမ်းပါ”

“မင်းပြောတော့ တကယ် ရမှာဆို”

“ဟုတ်တယ်လေ။ ငြိမ်းချမ်းရေးက လွဲရင်ပေါ့”

“ငြိမ်းချမ်းရေးက လွဲပြီး ငါ ဘာမှ မလိုချင်ဘူး။ ဘာနဲ့မှလည်း အလဲအလှယ် မလုပ်နိုင်ဘူး”

“ခေါင်းမာလှချည်လား”

“ဟုတ်တယ် အဒေါ့ဖ်။ မင်း လူတွေရဲ့ ရင်ထဲက လာတဲ့ အသံကို ကြားအောင် နား ထောင်ကြည့်စမ်းပါ။ ငြိမ်းချမ်း ရေးဆိုတာ ပဲ့တင် ထပ်လာမယ်”
ဟစ်တလာရဲ့ မျက်နှာဟာ ချက်ချင်းတင်းမာလာတယ်။

“ဟေ့ သူတို့ကို ခေါ်သွား လိုက်စမ်း” ဆိုပြီး အစောင့် စစ်သားကို အမိန့် ပေးလိုက် တယ်။ ကျုပ်တို့ သားအဖ အခန်းတံခါးနား ရောက်ခါနီးမှာ “နေဦး”ဆိုတဲ့ အော်သံနောက် ကျောဘက်က ထွက်လာတယ်။လှည့်ကြည့်လိုက်တော့ ဟစ်တလာက
“ဒီမှာ ဂျူးအဘိုးကြီး။ ခင်ဗျားက ကျုပ်အသက်ကို ကယ်ခဲ့တော့ ခင်ဗျားကို နောက်ဆုံး အခွင့်အရေးပေး လိုက်မယ်။ခင်ဗျားတို့ သားအဖ ဒီနိုင်ငံကနေ အမြန်ဆုံး ထွက်သွားပါ”

“ဘာဖြစ်လို့လဲကွ”

“ဘာဖြစ်လို့လဲ ဆိုရင် ခင်ဗျားတို့ ဂျူးတွေ ကျုပ်တို့ ဂျာမန်တွေ အပေါ် ကုပ်သွေးစုပ် နေတာကြာပြီ။ အခု ဂျူးတွေရဲ့ သွေးနဲ့ ကျုပ်တို့ ခြေဆေးတော့ မလို့ပဲ”

“ဘုရားသခင်”

ဒီလိုနဲ့ သားအဖနှစ်ယောက် စိတ်မသက်မသာနဲ့ အိမ်ပြန်ခဲ့ကြတယ်။
“အင်း ငါ ကယ်တင်ခဲ့တာ လူတစ်ယောက် မဟုတ်ဘူး မိစ္ဆာတစ်ကောင် ဖြစ်နေပါ့လား။ အခု ဒီမိစ္ဆာက သွေးဆာနေပြီ။ လူတွေ သေကျေ ပျက်စီးတော့ မယ်။ဒါကို ငါဘယ်လိုမှ မတား ဆီးနိုင်ခဲ့ဘူး”ဆိုပြီးတော့ အဖေ က တဖျစ်တောက်တောက် ပြောလာတယ်။ နောက်တစ်နေ့မှာ အဖေက ကျုပ်ကို အင်္ဂလန်ကို အတင်းလွှတ်တယ်။

“ငါတို့ ဂျူးတွေအတွက် ဒီနိုင်ငံက မလုံခြုံတော့ဘူး။ ငါ့သား မင်းသွားမှ ဖြစ်မယ်”

“ဟုတ်ကဲ့။ ကျွန်တော် သွားမှာပါ။ ဒါပေမယ့် အဖေ မပါဘဲနဲ့တော့ မသွားနိုင်ဘူး”

“ဒီမှာ ပီရက်စ်၊ အဖေ ဟာ ဆရာဝန် တစ်ယောက်ပါ။ အဖေ့ လူနာတွေကို ဒီအတိုင်း မထားရက်နိုင်ဘူး။ လေဖြတ်နေတဲ့ ရှရိုဒါ၊ ရင်ကျပ် ပန်းနာသည် နာတာရှာ၊ ကလေး တီဘီဖြစ်တဲ့ မူလာ အစရှိတဲ့ ဒီလူနာတွေ အဖေ မရှိတော့ရင် ဒုက္ခရောက် မှာပေါ့။ ဒီမြို့ကလေးမှာ ဆရာဝန်ဆိုလို့ အဖေတစ်ယောက်ပဲ ရှိတာ။ အဖေမရှိရင် သူတို့ အားကိုးရာ မဲ့သွားလိမ့်မယ်။ နောက်အဖေက အသက်ကြီး ပါပြီကွာ။ အဖေ သေရင်လည်း မင်းအမေ ခေါင်းချခဲ့တဲ့ ဒီဂျာ မနီမှာပဲ သေချင်တယ်။ ဒီတော့ ငါ့ သားအဖေ့အတွက် မနှောင့် နှေးပါနဲ့။ မင်းအမြန်သွားပါ။ ကြာရင် အထွက်ခက်လိမ့်မယ်”

ဒါနဲ့ အဖေ့စကားကို နားထောင်ပြီး ကျုပ်လည်း အင်္ဂလန်ကို ထွက်ခဲ့တယ်။နောက် အဖေ့ရဲ့ လောဆော်မှုနဲ့ ဂျူးတချို့တစ်ဝက်ကိုလည်း အပါ ခေါ်နိုင်ခဲ့တယ်။ ဂျူး အများစုက ကျုပ်တို့ စကားကို မယုံကြဘူး။ မကြာပါဘူး ဟစ်တလာက ဂျူးသုတ်သင်ပွဲကြီး စတော့တယ်။ နောက် ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်လာတော့ အဖေ့သတင်းကို ဘာမှမကြား ရတော့ဘူး။ နောက်မှ အင်္ဂလန် ရောက်လာတဲ့ ဂျာမန် ဂျူး တစ်ယောက် ပြောပြလို့ အဖေဟာ ဂျာမန်တပ်တွေ အဖမ်းခံ ရပြီး အော့ဇ်ဝစ်ခ်ျ အကျဉ်းထောင်မှာ ကွယ်လွန်ခဲ့တယ်လို့ သိရတယ်။ နောက်ဆုံးတော့ အဖေဟာ သူကယ်တင်ခဲ့တဲ့ လူတစ်ယောက်ရဲ့ ပယောဂနဲ့ သေဆုံးခဲ့ရတယ်”

မစ္စတာပီရက်စ်ရဲ့ မျက်ဝန်းအစုံမှာ မျက်ရည်တွေ ဝေ့နေတယ်။
“ဒီ အင်္ဂလန်ကို မလာခင် ကျုပ် အဖေကို မေးကြည့်ဖူး တယ်။
“အဖေ အဒေါ့ဖ်ရဲ့ အသက်ကို ကယ်တင်ခဲ့တဲ့ အတွက် နောင်တရမိသလား”လို့။

“ဒီမှာ ငါ့သား လူတစ်ယောက်က လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်တယ် ဆိုတာ ဘယ်ဘုရားသခင်ရဲ့ အလိုနဲ့မဆို ကိုက်ညီတယ်။ ဒီတော့ အဒေါ့ဖ်ရဲ့ အသက်ကို အဖေ ကယ်ခဲ့တာ လုံးဝ နောင်တ မရဘူး။ ဆရာဝန် တစ်ယောက် အနေနဲ့ဆို သေကောင်ပေါင်းလဲ ဖြစ်နေတဲ့ လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တာ ဂုဏ်တောင် ယူရဦးမယ်။ အဒေါ့ဖ့် ဆိုတဲ့ ရိုးရိုးသားသား ကောင်လေးက ဟစ်တလာ ဆိုတဲ့ ဂျာမန် အဓိပတိ ဖြစ်သွား တာကတော့ ငါတို့ ကံဆိုးလို့ပဲ လို့ ပြောရလိမ့်မယ်”

အဲဒီညက ကျွန်တော်တို့ ဆရာဝန် သုံးယောက်စလုံး အိပ်မပျော်ဘူး။ နာဇီအကျဉ်း စခန်း တစ်ခုမှာ မထင်မရှား သေသွားရှာတဲ့ ဒေါက်တာပီ ရက်စ်ဆိုတဲ့ လူတစ်ယောက်ကို မြင်ယောင်နေမိတယ်။ သူဟာ ငြိမ်းချမ်းရေးကို မြတ်နိုးသူ၊ စစ်ကြီး မဖြစ်အောင် သူစွမ်းနိုင်သမျှ တားဆီးခဲ့တယ်။ နောက် ဆရာဝန် ပီသစွာနဲ့ သူချစ်တဲ့ လူနာတွေ အတွက် အသက် စွန့်ခဲ့တယ်။တကယ်တော့ သူဟာ သူရဲကောင်း တစ်ယောက်။ ကျွန်တော်တို့ လေးစားအတု ယူစရာကောင်းတဲ့ သူရဲကောင်း တစ်ယောက်ပါ။

“သမိုင်း စာမျက်နှာကို မိုးကောင်းကင်နဲ့ တင်စားရရင် ကြယ်စင်တွေက သူရဲကောင်း တွေပေါ့။ ကောင်းကင်ကို မော့ကြည့်ရင် မရေမတွက်နိုင်တဲ့ ကြယ်စင်တွေ သူ့နေရာနဲ့သူ အခိုင်အမာ ရပ်တည်နေတာ ခင်ဗျား တွေ့ရလိမ့်မယ်။ ဒါပေမယ့် ဒေါက်တာ ပီရက်စ်လို ကောင်းကင် မရှိတဲ့ အညတရ ကြယ်စင်တွေ အများကြီး ရှိ နေတယ်ဆိုရင် ခင်ဗျား ယုံမလား။ ဘယ်သူ့မှ မပြော ဖြစ်တဲ့ ဇာတ်လမ်းလေးပေါ့ဗျာ။ ခင်ဗျား စိတ်ဝင်စားမလားတော့ မသိဘူး”

နတ်မှူး
(ရနံ့သစ်၊ ဖေဖော်ဝါရီလ ၂၀၀၆)
(www.moenantaw.co.cc  မှ ကူးယူးဖော်ပြပါသည်)

No comments:

Post a Comment