Saturday, October 1, 2011

ကျွန်တော်နှင့် ဘတ်(စ်)ကား အလွဲ (၁)


အဲ့ဒီတုန်းက ကျွန်တော်ဆယ်တန်းအောင်ပြီးကာစ။
အိမ်က ကျွန်တော့်ကို ဗိုလ်သင်တန်း လျှောက်ခိုင်းတယ်။ အမေကတော့ သိပ်သဘောမတူဘူး။ ဒါပေမယ့် အမက အတင်းလျှောက်ခိုင်းတယ်။ သူက ကျွန်တော့်ကို ကိုးတန်း ကနေဆယ်တန်းထိ ထောက်ပံ့ထားတာဆိုတော့ သူကသွား လျှောက်ခိုင်းတော့ မငြင်းသာဘူး။ အဲ့ဒါနဲ့ ဖောင်တွေဘာတွေတင်။ ပြီးတော့ စာမေးပွဲ ဖြေဖို့အတွက် ကျုရှင်တက်ရတယ်။ ကျုရှင်က ဘောက်ထော်ဘက်မှာ သွားတက်ရတယ်။ အင်္ဂလိပ်နဲ့ သချာင်္ ပေါ့။ နောက်ပြီး OTT လို့ခေါ်တဲ့ လက်တွေ့ပိုင်းလည်း တက်ရတာပေါ့။ OTT ဆိုတာက လူတွေ့စစ်ရင် လုပ်ပြရတာ။ ဘားတွေခို ၊ တန်းတွေကျော် ၊ တာယာကွင်းတွေထဲ ပြောင်းပြန်ဝင်၊ ဟိုခုန်ဒီခုန်နဲ့ အစုံပါပဲ။ အဲ့လိုနဲ့ ဘောက်ထော်မှာ ကျုရှင်တက်။ တဖြည်းဖြည်းနဲ့ စာမေးပွဲရက်က နီးလာတယ်။ ဆရာက ပြောတယ်။ စာမေးပွဲကတော့ အောင်ဖို့သေချာတယ်။ အဓိက ကတော့ လူတွေ့စစ်တာပဲ အရေးကြီးတာ။ တစ်ရက်လောက်
ပြည်သူ့ရင်ပြင်မှာ သွားလေ့ကျင့်ကြမယ်ဆိုပြီး ပြောတယ်။ ပြည်သူ့ရင်မှာက ပစ္စည်းတွေ အစုံရှိတယ်လေ။ တန်းတွေကော၊ ကွင်းတွေကော၊ အကုန်အစုံရှိတော့ လေ့ကျင့်ရတာ အဆင်ပြေတယ်။ ကျုရှင်မှာက လူအများကြီးပဲ။ ယောကျာ်းလေးတွေကြီးပဲ။ နှစ်ဆယ်ကျော်လောက်ရှိတယ်။ DSA ကော၊ အင်ဂျင်နီယာတွေကော၊ စစ်ဆေးတွေ ကောအများကြီးပဲ။ တက်တာကြာတော့ သူငယ်ချင်းတွေလည်း ဖြစ်ကုန်ကြပြီ။ အကုန်လုံးလည်း သိနေကြပြီ။ အဲ့ဒီနေ့ကျရင် ဘောလုံးကန်ကြမယ်ဆိုပြီး ချိန်းကြတယ်။ နှစ်ဖက်ခွဲကန်မှာပေါ့။ မကန်တက်တဲ့ကောင်တွေလည်း ရှိတယ်။ သူတို့ကတော့ မပါဘူး ပေါ့။ အဲ့ဒီလိုနဲ့ ပြည်သူ့ရင်ပြင် သွားလေ့ကျင့်ကြရော။ စွပ်ကျယ်တွေ ၊ကင်ဘက်တွေ၊ အိတ်တွေနဲ့ တကယ့် စစ်သားကြီးတွေ အတိုင်းပဲ ပျော်စရာကြီး။ တစ်ယောက်နဲ့ နောက်လိုက်၊ ပြောင်လိုက်နဲ့။ ဟိုရောက်တော့ ပိုတောင်ပျော်ဖို့ကောင်းသေးတယ်။ တန်းတွေတစ်ယောက်တစ်လှည့်စီ ခို။ တာယာကွင်းတွေထဲ နောက်ပြန်ဝင်။ အရမ်းဝတဲ့ တစ်ကောင်ဆို နောက်ပြန်ဝင်တာ တစ်နေလို့ မနည်းပြန်ဆွဲထုတ်ရတယ်။ ပြီးတော့ သစ်ပင်မှာကြိုးချည်ပြီးတော့ ဟိုဘက်၊ဒီဘက် အဝေးဆုံးရောက်အောင် လွှဲခိုရတယ်။ အဲ့ဒီမှာ ဒူးပြဲတဲ့ကောင်ကပြဲ။ ပြုတ်ကျတဲ့ကောင်က ပြုတ်ကျ။ နောက်ပြီး ကြိုးကို ခိုပြီး ကြိုးကနေအပင်ပေါ်ကိုတက်ရသေးတယ်။ လက်တွေကို ပေါက်ပြဲရောပဲ။ မိကျောင်းတွားလည်း တွားရတယ်။ တကယ်ကို အပီအပြင်လေ့ကျင့်ရတာ။ ဆရာကလည်း ပက်ပက်စက်စက်ကို မောင်းတာ။ မနက်ကတည်းက စလေ့ကျင့်တာ မွန်းလွဲလောက်ကျတော့ အကုန်ပြီးရော။ လူတွေလည်း  ဖတ်ဖတ်ကိုမောနေတာပဲ။ ပြီးတာနဲ့ ဗဟန်းကွင်းထဲမှာ ဘောလုံးသွားကန်ကြတယ်။ မကန်နိုင်တဲ့ ကောင်တွေကတော့ ပြန်ကုန်ကြတယ်။ လူကနည်းသွားတော့ တစ်ဖက်ကို ခုနှစ်ယောက်စီ ခွဲကန်ကြတယ်။ ကွင်းကြီးက အကျယ်ကြီး။ ဘောလုံးရရင်လည်း လိုက်ရတာ တမျှော်တခေါ်ကြီး။ ဒီကြားထဲ မိုးကပါ ရွာနေတော့ ပိုဆိုးတာပေါ့။ လူတွေကို နွားတွေအတိုင်းပဲ ရွှံတွေ၊ဗွက်တွေနဲ့လူးလို့။ နောက်ပိုင်းကျတော့ မလိုက်နိုင်တော့ဘူး။ ကိုယ့်ဆီရောက်မှ ထကန်ကြတော့တယ်။ ကိုယ့်ဂိုးရှေ့မှာ ကိုယ်စောင့်နေတာပေါ့။ ဒါတောင် ဘောလုံးဆွဲပြီး တစ်ယောက်တည်း ပြေးတဲ့ ကောင်က ရှိသေးတယ်။ ဘယ်သူ့မှ မလိုက်နိုင်ကြတော့ဘူး။လာတာနဲ့ ဖြတ်သိမ်းတာပဲ။ နောက်တော့ မကန်နိုင်ကြတော့တာနဲ့ ပွဲဖြတ်ပြီး ပြန်ကြမယ်ပေါ့ဆိုပြီး ကွင်းကြေးလည်း ရှင်းရော ကွိုင်တက်တာပဲ။ ကွင်းကြေးက 15000 တဲ့ ။ သေရော။ ပိုက်ဆံကလည်း သိပ်ပါတာမဟုတ်ဘူး။ 5000 ထောင်လောက်ပဲပါတာ။ မနက်ကတည်းက မုန့်စားလိုက်၊ ရေသောက်လိုက်နဲ့ နှစ်ထောင်ပဲကျန်တော့တာ။ နှစ်ထောင်လုံး စိုက်လိုက်ရတယ်။
ရှိသမျှကုန်ရော။ တော်သေးတယ်။ ကျွန်တော်နဲ့ အတူတူပြန်မယ့်ကောင်က ငါးရာ ကျန်သေးတယ်ဆိုလို့။ ဒီကောင်က ဆိပ်ကြီးခနောင်တိုကို ပြန်မှာ။ ကျွန်တော်က ဆူးလေကို ပြန်မှာ။ ကားကအတူတူစီးရမှာ။ ကားကလည်း ဘယ်နားကပြန်စီးရမလဲ မသိဘူး။ ကျွန်တော်က ကားလည်း သိပ်မစီးတက်သေးဘူး။ ဟိုကောင်ဆို ပိုဆိုးတာပေါ့။ ကျွန်တော်အားကိုးနဲ့ ပြန်ရမှာ။ လာကွာဆိုပြီး ကားဂိတ်လိုက်ရှာရော။ရွှေတိဂုံဘုရား မြောက်ဘက်မုခ်နားမှာ ကားဂိတ်သွားတွေ့တယ်။ လာတုန်းက အဲ့ဒီဘက်က လာတာဆိုတော့ ပြန်ရင်လည်း အဲ့ဒီဘက်ကို ပြန်စီးရမှာပဲလို့ တွက်ပြီး တွေ့တဲ့ကားတက်စီးပြီး လိုက်ချသွားတာပေါ့။ ကားက အထူးကားဆိုတော့ တစ်ယောက်နှစ်ရာပေးရတယ်။ ဗိုက်တွေကလည်း ဆာလိုက်တာပြောမနေနဲ့။ ၀ယ်စားဖို့ကလည်း တပြားမှမရှိဘူး။ နှစ်ယောက်ပေါင်းမှာ တစ်ရာပဲရှိတယ်။ ဒါတောင် မြောက်ဘက်မုခ်က ရေအိုးစင်မှာ ရေသောက်ပြီး အစာဖြေထားလို့။ အိမ်ရောက်မှာ အ၀တွယ်မယ်ဆိုပြီး အားခဲထားတာ။ ကားက မှတ်တိုင်တွေ၊ တစ်ခုပြီးတစ်ခု ကျော်သွား တယ်။ မြင်ကွင်းတွေက တစ်ခုမှလည်း မမြင်ဖူးဘူး။ အော်တဲ့မှတ်တိုင်တွေကလည်း တစ်ခါမှ မကြားဖူးဘူး။ ဟိုကောင်ကတော့ မျက်နှာငယ်လေးနဲ့ ဟိုကြည့်ဒီကြည့်နဲ့။ တော်တော်ကြာတဲ့ အထိ ဆူးလေလို့ အော်တဲ့အသံကို မကြားရဘူး။ အင်းစိန်၊ အင်းစိန် လို့ပဲ အော်သံကြားတယ်။။ “ဟင်..ဒီကားက အင်းစိန်ကိုသွားတဲ့ကားလား” ကျွန်တော့်အသံက တော်တော် ကျယ်သွားတယ် ထင်တယ်။။ ဘေးနားကအဒေါ်ကြီးက လှည့်ကြည့်တယ်။ “သားက ဘယ်သွားမလို့လဲ”။ ကျွန်တော်လည်း အဲ့ဒီမှာ သိလိုက်ပြီ ကားမှားပြီးဆိုတာ။ ဟိုကောင်လည်း သိသွားပြီ။ ကျွန်တော့်ကို ငိုတော့မလိုမျက်နှာထားနဲ့ လှည့်ကြည့်တယ်။ “သားတို့က ဆူးလေ ပြန်မလို့ အန်တီ”
“သြော်…သားရယ်.။ဒါက အင်းစိန်ကိုသွားမှာကွဲ့..ဆူးလေဆိုရင် ဟိုဘက်ကားလမ်းက ပြန်စီးရမှာ”
“ဗျာ။ဒါဆိုသားတို့ကားမှားပြီးစီးမိပြီ။ ကျေးဇူးပဲနော်အန်တီ”
“အေးအေး…. မိုးတောင်ချုပ်တော့မယ်ကွယ်။မြန်မြန်သွားကြ”
ဟုတ်တယ်။ ငါးနာရီတောင် ခွဲနေပြီ။ တော်ကြာနေ မိုးချုပ်တော့မှာ။ တွေ့တဲ့မှတ်တိုင် အမြန်ဆင်းပြီး ကားပြောင်းစီးရတယ်။ အဲ့ဒီမှာ ဒုက္ခရောက်တာပဲ။ ကားခမရှိဘူး။ ပိုက်ဆံက နှစ်ယောက်ပေါင်းမှ တစ်ရာတည်း။ ဘယ်လိုလုပ်ကြမလဲ။ ပြောစီးရမှာပေါ့။
ဘယ်သူပြောမလဲ။ နှစ်ယောက်သား တစ်ယောက်မျက်နှာ ၊တစ်ယောက်ကြည့်လို့။
“မင်းပြောကွာ” ကျွန်တော်က ဦးအောင်အရင်ပြောလိုက်တာပေါ့။ ဟုတ်တယ်လေ။ ရှက်စရာကြီး။ စပယ်ယာက သဘောကောင်းတယ်ပဲထားဦး။ ပြောရမှာ ရှက်တယ်။
တော်တော်ကြာ ၀ူးဝါးဝူးဝါး စပယ်ယာနဲ့တွေ့ရင် အရှက်ဗျန်းဗျန်းကို ကွဲမှာ။
ဟိုကောင်က အေးပါကွာဆိုပြီး မျက်နှာငယ်လေးနဲ့ ပြောရှာတယ်။ တက်နိုင်ဘူးလေ အနိုင်ကျင့်ရမှာပဲ။ ခဏကြာတော့ ပါရမီတစ်စီး ၀င်လာတယ်။ ခပ်တည်တည်ပဲ ကားပေါ် တက်ချသွားတယ်။ ကိုယ်ပြောရမှာဟုတ်ဘူးလေ။ ကိုယ်က နည်းနည်းလေးပဲ မျက်နှာပူရမှာ။ ထိုင်ခုံလွတ်တွေကလည်း အများကြီးပဲ။ ရှေ့ဆုံးခုံမှာ နှစ်ယောက်ဝင်ထိုင်လိုက်တယ်။ သိပ်မကြာဘူး ကားခလာကောက်ရော။
“ညီလေး..ကားခ” ။ ကျွန်တော်အပြင်ဘက်ကို လှမ်းကြည့်နေလိုက်တယ်။ ရင်ထဲမှာတော့ တဒိတ်ဒိတ် တခုခုများ ပြောလိုက်ရင် အရှက်တော့ကွဲပြီပေါ့။
“ကိုကြီး.. ကျွန်တော်တို့မှာ ကားခတစ်ရာပဲ ပါတော့လို့။ဟို…….ကားမှားစီးမိလို့ပါကိုကြီး”
ဒီကောင် အပြောအဆိုကတော့ မဆိုးဘူး။ဒါပေမယ့် စပယ်ယာက မယုံသလို ကြည့်နေသေးတယ်။ ကြည့်မှာပေါ့ ရုပ်တွေက ရွှံတွေ၊ဗွက်တွေနဲ့ မည်းသည်းလို့။ စုတ်ပြတ်သက်နေတာပဲ။ စပယ်ကာ ဖင်ပြန်၊ခေါင်းပြန်ကို ကြည့်တာ။ ပြီးတော့ ခပ်တင်းတင်းမေးတယ်။သူလည်း အတွေ့ကြုံတော်တော်များတယ်ထင်တယ်။
“ဘယ်သွားမှာလဲ”
“ဆူးလေ..ကိုကြီး”။ဟိုကောင်က တရိုတသေပဲ။ ကားခကျတော့ ပေးစရာမရှိဘူး။ စီးပြန်တော့လည်း ဂိတ်ဆုံး။ စပယ်ယာ သေချာကြည့်နေသေးတယ်။ နောက်တော့မှာ တခြားလူတွေ သွားကောက်တယ်။ ဒါတောင် အ၀က စပယ်ယာကို တိုးတိုးနဲ့ဘာတွေ သွားပြောလည်းမသိဘူး။ တိုးတိုးဆိုတော့ ကျွန်တော်လည်း မကြားရဘူး။စပယ်ယာ သွားတော့မှ ရင်ထဲက အလုံးကြီးကျသွားတော့တယ်။ တစ်ခါမှ အဲ့လို မဖြစ်ဖူးဘူး။ ဟိုကောင်ကတော့ ဘေးနားက ခေါင်းလေးငိုက်စိုက်။ဘယ်သူမှကို လှည့်မကြည့်ရဲဘူး။ အနားနားကပ်ပြောတာဆိုပေမယ့် အနောက်က လူတွေလောက်တော့ ကြားရတာပေါ့။ ရှက်လိုက်တာဗျာ။မျက်နှာတစ်ခုလုံးကို ပူနွေးနေတာပဲ။ ဒါတောင် ကိုယ်ပြောရတာမဟုတ်ဘူး။သူများကို ပြောခိုင်းတာ။ ရှက်ရှက်နဲ့ အိပ်သလိုလို၊ဘာလိုလိုနဲ့ လိုက်သွားရတယ်။ ဆူးလေးရောက်လို့ ကားပေါ်က ဆင်းတော့ ကျွန်တော်တို့ နှစ်ယောက်ကို ၀ိုင်းကြည့်နေကြသေးတယ်။အိမ်လည်းရောက်ရော ဟိုကောင်မှာတစ်ဘက်ကမ်းကူးဖို့ ပိုက်ဆံမရှိလို့ တစ်ထောင်ပေးလိုက်ရတယ်။သောက်တလွဲကြီးပဲ။ နောက်နေ့ ကျုရှင်ရောက်လို့ ပြောပြတော့ အကုန်လုံးဝိုင်းရယ်ကြရော။ နှစ်ကောင်လုံး သွားဖြီးလေးတွေနဲ့။ ဆရာက ပြောပြောပြီး ရယ်လို့မဆုံးဘူး။ လျှာရှည်ပြီး သွားပြောမိတာကိုး။အဟားခံရတာပေါ့။  အဲ့ဒီနှစ်ကဗျာ ဗိုလ်သင်တန်းလည်း မပါပါဘူး။ အမှတ်နဲ့ ဖြတ်ချလိုက်တာ ကျရော။ ဟိုကောင်လည်း မပါဘူး။ အဲ့ဒီကတည်းက့ သူနဲ့ မတွေ့ဖြစ်တာ တော်တော်ကြာသွားတယ်။နောက်တော့ တက္ကသိုလ်တက်ရင်း တွေ့ကြတယ်။သူက ဘူမိဗေဒ၊ ကျွန်တောက ရူပဗေဒ ရတယ်။ အဲ့ဒီအချိန်မှာတော့ တော်တော် လူရည်လည်နေကြပါပြီ။ ဒါပေမယ့် အဲ့ဒီအကြောင်းလေး ပြောပြောပြီး ရယ်ရတုန်းပဲ။ အခုထက်ထိအဲ့ကောင်နာမည်ကို ကျွန်တော်မသိဘူး။ သူ့ကတော့ ကျွန်တော်နာမည်ကို သိတယ်။တစ်ခါတလေ အိမ်ကိုလာလည်တယ်။ နောက်တော့လည်း မတွေ့ဖြစ်ကြတော့ဘူး။ အဝေးသင်ပဲ ပြောင်းသွားလားဘာလား မသိဘူး။ ကျွန်တော်ကတော့ မကြာခဏ သတိရတယ်။အင်း… သူကတော့ ဘယ်လိုနေလဲမသိဘူး။ ကျွန်တော်ကတော့ အဲ့ဒီကတည်းကကို အလွဲပေါင်းစုံနဲ့ စလွဲတော့တာပါပဲဗျာ။

No comments:

Post a Comment